Sonntag, 30. September 2012
ဥပုသ်နေ့
သမ္မာဒိဋ္ဌိ ( အမြင်မှန် ) ၁၀ ချက်
၁။ အလှူဒါနပြုလျှင်၊ ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည်ခြင်း၊
၂။ ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း၊
၃။ လက်ဆောင်ပေးကမ်း ပူဇော်မှု ( ပဟေဏကသက္ကာရ ) ၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း၊
၎။ ကုသိုလ်ကံ အကုသိုလ်ကံတို့၏၊ ကောင်းကျိုး, ဆိုးကျိုး, အကြောင်းရင်း, အကျိုးဆက်ရှိကြောင်း      ယုံကြည်ခြင်း၊
၅။ မိခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့်၊ ပြစ်မှားခြင်း၏ ဆိုးကျိုး ရှိကြောင်း ယုံကြည်ခြင်း၊
၆။ ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့်၊ ပြစ်မှားခြင်း၏ ဆိုးကျိုး ရှိကြောင်း ယုံကြည်ခြင်း၊
၇။ လူတို့မမြင်နိုင်သည့်၊ ငရဲ, ပြိတ္တာ, နတ်, သိကြား, ဗြဟ္မာဟူသော
( သြပပါတိက ) သတ္တ၀ါတို့ ရှိကြောင်း ယုံကြည်ခြင်း၊
၈။ ဤမျက်မှောက်လောက ရှိကြောင်း ယုံကြည်ခြင်း၊
၉။ သေပြီး နောက်ဘ၀ တမလွန်လောက ရှိကြောင်း ယုံကြည်ခြင်း၊
၁၀။ ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြသော၊ သမဏ, ဗြာဟ္မဏ တို့ရှိကြကြောင်း၊ ယင်းတို့က ဤလောက, တမလွန်လောကကို ကိုယ်တိုင်သိမြင်၍ လူအများကို ပြန်လည်ဟောပြကြကြောင်း ယုံကြည်ခြင်း၊
Dienstag, 25. September 2012
လူကောင်း, လူမိုက် ဖြစ်ရခြင်း
••••••••••••••••••••••••••
လူကြောင့် လူကောင်းဖြစ်သည် မဟုတ်သလို၊
လူကြောင့် လူမိုက်ဖြစ်သည်လည်း မဟုတ်ပေ။
ကိလေသာ တရားဆိုးတို့ကို နှိပ်ကွပ် ဆုံးမနိုင်ခြင်းကြောင့်၊
လူကောင်းအဖြစ် မြင်ရခြင်းသာဖြစ်ပြီး၊
ကိလေသာ တရားဆိုးတို့ကို မနှိပ်ကွပ် မဆုံးမနိုင်ခြင်းကြောင်၊့လူမိုက်အဖြစ် မြင်ရခြင်းသာဖြစ်သည်။
( ဖားအောက်ဆရာတော်ဘုရား )
Montag, 24. September 2012
ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ ထေရုပ္ပတ္တိအကျဉ်း
ဓမ္မဒူတ အရှင်ဆေကိန္ဒ အလောင်းအလျာကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက် ခမည်းတော် ဦးအောင်သန်း+ မယ်တော် ဒေါ်စိန်ကြည်တို့က ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ်၊ တပို့တွဲလဆန်း (၉)ရက်၊ (28-1-1958) အင်္ဂါနေ့၌ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။
၁၉၇၅-ခုနှစ်၌ စစ်ကိုင်းမြို့ အမှတ်(၁) အထက်တန်းကျောင်းမှ ၁၀-တန်းကို အောင်မြင်ခဲ့ပြီး ၁၉၇၉-ခုနှစ်၌ မန္တလေးမြို့ စက်မှုလက်မှုသိပ္ပံ၏ A.G.T.I (civil) မြို့ပြအင်ဂျင်နီယာ ဒီပလိုမာဘွဲ့ကို ရရှိအောင်မြင်ခဲ့ပါသည်။
၁၉၈၃-ခုနှစ်၌ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်း ဓမ္မဒူတတောရ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ်ကို ယူခဲ့ပါသည်။ အရှင်မြတ်သည် တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက်ကြီး၌ပင် ပရိယတ္တိ စာပေတို့ကို မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို နှစ်ချင်းပေါက် အောင်မြင်တော်မူခဲ့ပြီး ၁၉၉၃-ခုနှစ်တွင် စာချတန်း၌ ကျမ်းရင်းသုံးကျမ်းစလုံးကို တစ်နှစ်တည်းဖြင့်ပင် အောင်မြင်တော်မူခဲ့၍ အစိုးရ သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့ပါသည်။ သဒ္ဓမ္မနေပုည ဓမ္မာစရိယဘွဲ့နှင့် သာသနဇောတိပါလ ဓမ္မာစရိယဘွဲ့တို့ကိုလည်း ရရှိတော်မူခဲ့ပြန်ပါသည်။
ထို့ပြင် နိုင်ငံတော် အစိုးရမှဆက်ကပ်သော မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ M.A (Buddhism) နှင့် Ph.D ဘွဲ့တို့ ကိုလည်းရရှိခဲ့ပါသည်။ ပရိယတ္တိစာပေများကို တောင်စွန်း ဓမ္မဒူတတောရ၊ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်၊ မန္တလေးမြို့ မစိုးရိမ်တိုက်၊ စစ်ကိုင်းမြို့ ဇေယျသိန်ပါဠိတက္ကသိုလ်၊ စစ်ကိုင်းမြို့ သုဗောဓာရုံ စာသင်တိုက်စသော ကျောင်းတိုက်တို့ရှိ ဆရာမြတ်တို့၏ အထံတော်မှ နည်းနာခံယူ သင်ယူခဲ့ပါသည်။
၁၉၉၈ ခုနှစ်၌ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့ပါသည်။ ၂၀၀၀ ခုနှစ်တွင် လက်ထောက်ကထိက၊ ၂၀၀၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဌာနတွင် တွဲဖက်ပါမောက္ခအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်တော်မူခဲ့ပါသည်။
အရှင်မြတ်သည် ဓမ္မဒူတနာယက အဖွဲ့ဝင်၊ မှော်ဘီမြို့နယ် သံဃနာယက အဖွဲ့ဝင်၊ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်ကြီး၏ ပဓာန နာယက ဆရာတော်၊ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ထေရ၀ါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာဌာန (၀ိပဿနာ) ပါမောက္ခ၊ မဟာဌာနမှူး ဆရာတော်စသော တာဝန်တို့နှင့် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်တော် မူလျက်ရှိသည်။
မဟာပထ၀ီမြေကြီးတမျှ၊ သည်းခံသောပုဂ္ဂိုလ်
အရှင်သာရိပုတ္တရာ။
••••••••••••••••
မြတ်ဗုဒ္ဓသည်၊ ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ တရားစစ်သူကြီး ရှင်သာရိပုတ္တရာသည်၊ မြတ်ဗုဒ္ဓအား အာရုံပြု၍၊ မိမိနေသည့်အရပ်၌ အရဟတ္တဖလသမာပတ် ၀င်စား၏။
ထိုမှထသောအခါ၊ ငါ၏အာယုသင်္ခါရတို့သည်၊ (၇)ရက်သာလျှင် ဖြစ်လိမ့်မည်ကိုသိ၍၊ ပရိနိဗ္ဗာန်စံဝင်ရန် အရပ်ဒေသကို စဉ်းစားပြန်၏။ "ငါ၏ မယ်တော်သည်၊ ငါ၏တရားဒေသနာတော်ဖြင့်၊ သစ္စာလေးပါးတရားကို သိမြင်ကျွတ်တမ်းဝင်လိမ့်မည်။ ငါသည် မယ်တော်ကို လစ်လျူမရှုသင့်။ လူအများက၊ အရှင်မြတ်သည် မိစ္ဆာဒိဋ္ဌိမယ်တော်၏ အယူဝါဒကိုမျှသော်ပင်၊
မပယ်ဖျောက်နိုင်ဟု၊ အပြစ်တင်ကြပေလိမ့်မည်။ ထို့ကြောင့်၊ မယ်တော်၏ အယူမှားကို ချေချွတ်ပယ်ဖျောက်ပေးလျက်၊ ဖွားရာတိုက်ခန်း၌ပင်၊ ပရိနိဗ္ဗာန်စံပေအံ့" ဟု၊ ဆုံးဖြတ်၏။
ဖွားရာတိုက်ခန်း၌ပင် ပရိနိဗ္ဗာန်စံပါမည်ဟု၊ မြတ်ဗုဒ္ဓအား လျှောက်ထားသော်၊ "ချစ်သား သာရိပုတ္တရာ - ယခုအခါ သင်သည်ပင်၊ မိမိပရိနိဗ္ဗာန်စံရာ ကာလကို သိပေ၏။ မိမိ၏ နောင်တော် ညီတော်တို့အတွက် တရားဟောဦးလော့"ဟု တိုက်တွန်း၏။ ရှင်သာရိပုတ္တရာ မထေရ်မြတ်သည်၊ ကောင်းကင်သို့၊ ထန်း(၇)ဆင့် ပမာဏတိုင်အောင်၊ တက်၍၊ တန်ခိုးပြာဋိဟာပြကာ၊ တရားဟော၏။
"မြတ်ဘုရား - တပည့်တော်သည်၊ အရှင်ဘုရား၏ ဤခြေတော်အစုံတို့ကို၊ ဖူးမြော်နိုင်ရန်၊ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင်၊ ပါရမီဖြည့်အပ် ခဲ့ပါပြီ။ တပည့်တော်၏ နှလုံးအိမ်သည် ယခုအခါ အထွတ်အထိပ်ရောက် အောင်မြင်ခဲ့ပါပြီ" စသည်ဖြင့်၊ ပရိနိဗ္ဗာန်စံဝင်တော့မည့်
အကြောင်း၊ လျှောက်ထားလေ၏။
မြတ်ဗုဒ္ဓကလည်း၊ "မိမိသွားသင့်ရာ ကာလကို သိဖို့ရန်မှာ၊ သင်ချစ်သား၏ အလိုအတိုင်း ဖြစ်ပေ၏"ဟု မိန့်ကြားတော်မူ၏။
ထိုအခါ မဟာပထ၀ီမြေကြီးသည်၊ ရေအဆုံးတိုင်အောင် ပြင်းစွာတုန်လှုပ်လေ၏။ ကောင်းကင်၌လည်း၊ သည်းထန်စွာ မိုးကြိုးထစ်ချုန်းလေ၏။ ပေါက္ခရ၀ဿမိုး၊ ဖြိုးဖြိုးရွာသွန်းလေ၏။
ရှင်သာရိပုတ္တရာသည်၊ ငိုကြွေးမည်တမ်းကြသော ဒါယကာ ဒါယကာမ အပေါင်းတို့အား၊ "ရုပ်နာမ်ဓမ္မ သင်္ခါရတို့မည်သည်၊ ဤသို့ဖြစ်လေ့ရှိကုန်၏။ ဖြစ်ပြီးလျှင်၊ စုတိပြတ်ကြွေ သေခြင်းလျှင် အဆုံးရှိကုန်၏"ဟု အပ္ပမာဒတရား လက်ကိုင်ထားဖို့၊ သြ၀ါဒပေး ဆုံးမတော်မူ၏။
မထေရ်မြတ်ကြီးသည်၊ ဇာတိရွာရှိ မိမိဖွားမြင်ရာ တိုက်ခန်းသို့ ရောက်ပြီး၊ ပြင်းထန်ကြမ်းတမ်းသော ဝေဒနာဖြစ်ပွားလေ၏။ ထိုအခါ စတုမဟာနတ်မင်းကြီး (၄)ဦး၊ ထို့နောက် သိကြားမင်း၊ တစ်ဖန် မဟာဗြဟ္မာကြီး အသီးသီးတို့သည်၊ အရှင်မြတ်အား ပြုစုရန် လာရောက်ကြလေရာ၊ အရှင်မြတ်က သူနာပြုရဟန်း ရှိပြီးဖြစ်၍၊ ပြန်လွှတ်လေ၏။
မယ်တော်ကြီးသည်၊ သားတော်ထံရောက်လာပြီး၊ "ချစ်သားထံ ရောက်လာသူများသည် အဘယ်သူတို့နည်း"ဟု မေးလျှောက်၏။ တစ်ဖန် "သင်ချစ်သားက၊ ထိုစတုမဟာနတ်မင်းကြီးတို့ထက်၊ သာလွန်မြင့်မြတ် သလော။ သိကြားနတ်မင်းထက်လည်း သာလွန်မြင့်မြတ်သလော။
ငါ၏ဘုရားဖြစ်သူ မဟာဗြဟ္မာကြီးထက်လည်း သာလွန်မြင့်မြတ်သလော"ဟု၊ အစဉ်တိုင်း မေးလျှောက်၏။
အရှင်မြတ်က "ဟုတ်ပေတယ် ဒါယိကာမကြီး"ဟု မိန့်ကြားတော်မူ၏၊ မယ်တော်ကြီး၏သန္တာန်မှာ "ယခုငါမြင်ရသော အာနုဘော်မှာ၊ ငါ့သားတော်၏ အာနုဘော်သာဖြစ်၏။ ငါ့သား၏ဆရာ မြတ်စွာဘုရား၏ အာနုဘော်တော်ကား မမှန်းဆနိုင်လောက်အောင် ရှိလေတော့၏တကား"ဟု ဆင်ခြင်လျှင်ပင်၊
မယ်တော်ကြီး၏ တစ်ကိုယ်လုံး၌ ပီတိငါးမျိုးတို့ ပြန့်နှံ့လေတော့၏။ မထေရ်ကြီးက၊ ငါ့မယ်တော်ကြီးအား တရားဟောရန် သင့်လျော်သော အခါဟု သိ၍၊ မြတ်ဗုဒ္ဓ၏ဂုဏ်တော်အဖြာဖြာတို့နှင့် ဆက်စပ်သော တရားတော်ကို ဟောကြားတော်မူ၏။ ဒေသနာအဆုံးတွင်၊ မယ်တော်ကြီးသည်၊ သောတာပတ္တိဖိုလ်၌ တည်၍ သောတာပန်အရိယာဖြစ်လေသည်။
မယ်တော်ကြီးအား၊ မွေးကျေးဇူးကိုဆပ်လေပြီးနောက်၊ ရဟန်းအပေါင်းတို့ကို "ငါ့ရှင်တို့ - (၄၄)၀ါပတ်လုံး ငါနှင့်အတူ လှည့်လည်သွားလာနေထိုင်ကြရသော ငါ့ရှင်တို့အဖို့ရာ၊ ငါ့အပေါ်၌ မနှစ်သက်ဖွယ် ကာယကံ, ၀စီကံများ ရှိခဲ့လျှင် သည်းခံကြပါကုန်လော့"ဟု တောင်းပန်ပြောကြား၏။ ရဟန်းအပေါင်းကလည်း သည်းခံခွင့်လွှတ်ပြီး၊"အရှင်ဘုရားကသာ၊တပည့်တော်တို့အားသည်းခံတော်မူပါ"ဟု တောင်းပန်ကန်တော့၏။
ထို့နောက် မထေရ်မြတ်သည်၊ သမာပတ်(၉)ပါးကို ၀င်စားတော်မူ၏။ ထိုစတုတ္ထဈာန်မှထ၍၊ မဟာပထ၀ီမြေကြီးကို ပဲ့တင်ထပ်စေလျက်၊ ခန္ဓပရိနိဗ္ဗာန် ၀င်စံချုပ်ငြိမ်းတော်မူလေ၏။
မယ်တော်ကြီးသည် သားတော်၏ ခန္ဓာချုပ်ငြိမ်းမှုကိုသိ၍ ငိုကြွေးပြီးလျှင်၊ ပြဿဒ်ငါးရာ, မဏ္ဍပ်ငါးရာတို့ကို တည်ဆောက်စေ၏။
ဝိသကြုံနတ်သား ဖန်ဆင်းသော နှစ်ထောင်သော ပြဿဒ်, မဏ္ဍပ်တို့ဖြင့်၊ သာဓုကီဠနသဘင် ဆင်ယင်ကျင်းပပြီး၊ အမြင့် (၉၉)တောင်ရှိ နံ့သာထင်းပုံပေါ်တွင် မထေရ်မြတ်၏ ဥတုဇရုပ်ကလာပ်ကို
တင်၍ ဈာပနအမှု ပြုကြလေသည်။
ညီတော်စုန္ဒမထေရ်သည်၊ ဓာတ်တော်မြတ်ကို ရေစစ်နှင့်ထည့်ပြီး၊ သင်္ကန်းစသော ပရိက္ခရာတို့ကိုယူ၍၊ သာဝတ္ထိပြည်သို့ ခရီးဆက်ခဲ့၏၊ မိမိ၏ ဥပဇ္ဈယ်ဆရာ အရှင်အာနန္ဒာနှင့်အတူ မြတ်ဗုဒ္ဓထံ ရောက်လေ၏။
အရှင်အာနန္ဒာက၊ မြတ်စွာဘုရားကို "အရှင်ဘုရား - ရှင်သာရိပုတ္တရာသည် ပရိနိဗ္ဗာန်စံတော်မူပါပြီ။ ဤသည်ကား ရှင်သာရိပုတ္တရာ၏ သပိတ် သင်္ကန်းပါတည်း။ ဤသည်ကား၊ ဓာတ်တော်ထည့်ထားသော
 ရေစစ်ပါတည်း"ဟု လျှောက်ထားပြီး၊ ဘုရားရှင်လက်တော်သို့ ဆက်ကပ်လေ၏။
ဗုဒ္ဓမြတ်စွာသည် ဓာတ်တော်များကို ခံယူတော်မူပြီး၊ ရဟန်းတော်တို့အား မထေရ်မြတ်နှင့် ပတ်သက်၍၊
"ချစ်သားရဟန်းတို့ - ယခုအခါ ရှင်သာရိပုတ္တရာ၏ ဖြူစင်သော ဓာတ်တော်များ ထင်ရှားကျန်ခဲ့ပြီ။ ရှင်သာရိပုတ္တရာသည်၊ တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့၏။ တရားဓမ္မကိုလည်း၊ ငါ့နောက်လိုက်ကာ ဟောမြွက်နိုင်သော ပုဂ္ဂိုလ်ဖြစ်၏။ ငါဘုရားမှထောက်သော် နှစ်ခုမြောက်သော နေရာကို ကောင်းစွာရရှိထားသူဖြစ်၏။
ငါဘုရားကလွဲ၍ စကြ၀ဠာတိုက်တစ်သောင်း၌ ပညာအားဖြင့် အတုမရှိသူ ဖြစ်၏။ ကြီးသော, ကျယ်ပြန့်သော, လျင်သော, ထက်သောကိလေသာကို ဖောက်ထွင်းနိုင်သူဖြစ်၏။ အလိုနည်းသူ, ရောင့်ရဲလွယ်သူ, နိဝရဏတရားတို့မှ ဆိတ်သူ, လူတို့နှင့်ရောနှောခြင်းမှ ကင်းသူ, ထက်သန်သောလုံ့လရှိသူ, အပြစ်ပြ၍ ဆုံးမတတ်သူ, မကောင်းမှုနှင့် မကေင်းမှုပြုသောသူတို့ကို မျက်နှာမငဲ့ ကဲ့ရဲ့တတ်သူဖြစ်၏။
သာရိပုတ္တရာသည် - ဘ၀ငါးရာတို့ပတ်လုံး၊ ကြီးစွာသောစည်းစိမ်တို့ကို ပယ်စွန့်၍ ရဟန်းပြုခဲ့သူဖြစ်၏။
ငါဘုရားသာသနာ၌၊ မဟာပထ၀ီမြေကြီးတမျှ၊ သည်းခံသောပုဂ္ဂိုလ်ဖြစ်၏။ဦးချိုကျိုးသော နွားလားပမာ၊ မာန်မာနနည်းလှစွာ၏။ဒွန်းစဏ္ဍားသားနှင့်တူသော နှိမ့်ချသောစိတ်ရှိသူလည်း ဖြစ်ပေ၏။
ဤသို့ မြတ်စွာဘုရားသည်၊ ဂါထာငါးရာတို့ဖြင့်၊ ရှင်သာရိပုတ္တရာမထေရ်မြတ်၏ ဂုဏ်ကျေးဇူးကို ချီးကျူးဟောကြားတော်မူ၏။
ထို့နောက်၊ ဆောက်တည်ရာမရ ငိုကြွေးနေသော အရှင်အာနန္ဒာအား၊ သက်သာတော်မူစေပြီးလျှင်၊ အရှင်သာရိပုတ္တရာ၏ အရိုးဓာတ်တော်များကို၊ သာဝတ္ထိပြည်တွင် စေတီတည်ထားတော်မူလေသတည်း။
ဟိုဘက်ကမ်း ရောက်ချင်တဲ့သူဟာ၊ ဒီဘက်ကမ်းကို၊ စွန့်ကို စွန့်ရတယ်။
ဒီဘက်ကမ်းကို မစွန့်ခွာဘဲ၊ ဟိုဘက်ကမ်းရောက်တယ်ဆိုတာ မရှိဘူး။
( ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ )
Samstag, 22. September 2012
ရှစ်ပါး သီလ
ဥပုသ်ဆောက်တည်ရာတွင် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ဆရာတော်ကြီးများထံတွင် သီလတောင်းယူ၍လည်းဆောက် တည်ကြပါ သည်။ သို့သော် ဆရာတော်ကြီးများထံ တွင်သွားရောက်၍ သီလတောင်းယူ မဆောက်တည်နိုင်ပါက မိမိကိုယ်တိုင်သီလ ဆောက်တည်နိုင်သည်။ ထိုသို့ဆောက်တည်မည်ဆိုပါက အောက်ပါအတိုင်း ရွတ်ဆိုဆောက်တည်နိုင်ပါသည်။
သရဏဂုံ၊ ဥပုသ်သီလ (မိမိဘာသာ) ဆောက်တည်ခြင်း...
· ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ။
· ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဒုတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ သံဃံသရဏံဂစ္ဆာမိ။
· တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ ဓမ္မံသရဏံ ဂစ္ဆာမိ၊ တတိယမ္ပိ သံဃံသရဏံ ဂစ္ဆာမိ။
(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၃) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၅) သုရာမေရယ မဇ္ဇပ္ပမာဒဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၆) ၀ိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၇) နစ္စ ဂီတ ၀ါဒိတ ၀ိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏမဏ္ဍန၀ိဘူသ
နဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
( ၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
အနက်။ ။
(၁) ပါဏာတိပါတာ- သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိသိက္ခာ ပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက် တည်ပါ၏။
(၂) အဒိန္နာဒါနာ- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။
(၃) အဗြဟ္မစရိယာ- ကာမဂုဏ်တို့၌ ကဲ့ရဲ့ထိုက်စွာ ယုတ်မာသောအကျင့်မှ၊ ဝေရ မဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာ ဆောက်တည်ပါ၏။
(၄) မုသာဝါဒါ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(၅) သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာ- မေ့လျော့ ပေါ့ဆခြင်း၏ အကြောင်းစင်စစ် မူးရစ်စေ တတ်သည့် သေရည်အရက်ကို သောက်စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(၆) ၀ိကာလဘောဇနာ- နေ့လွဲညစာ စားခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရ ကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(၇) နစ္စ- ကိုယ်တိုင်ကခြင်း၊ သူတစ်ပါးကို အကခိုင်းခြင်း (မျောက်၊ ဒေါင်း စသော တိရစ္ဆာန်များ၏ ကခြင်းများကိုပါယူရမည်။)၊ ဂီတ- ကိုယ်တိုင်သီဆိုခြင်း၊ သူတစ်ပါးကို သီဆို ခိုင်းခြင်း၊ ၀ါဒိတ- ကိုယ်တိုင်တီးမှုတ်ခြင်း၊ သူတစ်ပါးကို တီးမှုတ်ခိုင်းခြင်း၊ ၀ိသူက ဒဿန- (၀ိသူက- ဘုရားအဆုံးအမ၏ ဆန့်ကျင်ဘက်ဖြစ်သော အရာတို့ကို၊ ဒဿန- ကြည့်ရှု နားထောင် ခြင်း၊ သူတစ်ပါးတို့ အလိုအလျောက် သော်လည်းကောင်း၊ အခြားသူက ခိုင်း၍သော်လည်းကောင်း၊ က-ဆို-တီးမှုတ်နေသည်ကို တမင်တကာသွား၍ ကြည့်ရှုနားထောင်ခြင်း (မိမိဘာသာနေစဉ် မြင် လောက်ကြားလောက်သောအရပ်သို့လာ၍ ကပြ သီဆို တီးမှုတ်သံကို ကြည့်ရှုနားထောင် မိ၍သော်လည်းကောင်း၊ အခြားအလုပ်ကိစ္စဖြင့် သွားရင်းလာရင်း တွေ့မြင်၍သော်လည်း ကောင်း သီလမပျက်ပါ။ သို့သော် မမြင်-မြင်အောင် တမင်တကာ လှည့်၍မကြည့်ရ။)၊ ဌာနာ- ကာမစိတ်ဓာတ် တိုးပွားခြင်း၏ အကြောင်းဖြစ်သော- မာလာ- ပန်းအမျိုးမျိုး၊ ဓာရဏ- ပန် ဆင်ခြင်း၊ ဂန္ဓ- နိမ့်ရာအရပ်၌ ဖို့သိပ်၍ရကောင်းသည့် သနပ်ခါးစသော နံသာပျစ်၊ နံ့သာပျောင်းကို၊ မဏ္ဍန- ကျောက်ပေါက်မှစသော နိမ့်ရာအရပ်၌ ဖို့သိပ်ခြင်း၊ ၀ိလေပန- လိမ်းကျံခြယ် လှယ်ခြင်း ငှာလည်း ကောင်း၊ အနံ့ထုံခြင်းငှာလည်းကောင်း၊ ရကောင်းသော အရောင်တင်ဆေး၊ ရေမွှေး၊ နံ့သာဆီ၊ မျက်နှာ ချေ၊ ပေါင်ဒါကို၊ ၀ိဘူသန- လိမ်းကျံခြယ်လှယ်ခြင်း၊ အနံ့ထုံခြင်း (ဆပ်ပြာ မွှေးလည်း မတိုက်ကောင်း။) တို့ကို၊ ဝေရမဏိသိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ် သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
(၈) ဥစ္စာသယန- အခြေတစ်ထောင့်ထွာထက်ရှည်သော အိပ်ရာ ခုတင် ကုလားထိုင်စသည့် မြင့်သောနေရာ၌အိပ်ခြင်း၊ နေထိုင်ခြင်း (လူကြီးက အောက်အနိမ့်မှာနေလျှင် ဥပုသ်သည် လူငယ်က အထက်အမြင့်၌ မနေကောင်း။)၊ မဟာသယန- မြတ်သောနေရာ၌ အိပ်စက် နေထိုင် ခြင်း၊ (ဤနေရာမျိုးကား စည်းစိမ်အားလျော်စွာ ခံစားစံစားလေ့ရှိကြသည့် စည်းစိမ်ရှင်ကြီး များ၏ အိမ်မှာရှိတတ်သော လက်လေးသစ်မက အမွေးရှည်သော သားမွေး အခင်း၊ ခြင်္သေ့ သစ် ကျား အရုပ်များဖြင့် ခမ်းနားဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည် ငွေချည်တို့ဖြင့် ချုပ်လုပ်အပ်သော ပိုးအခင်း၊ လဲ၊ ၀ါဂွမ်းမျိုး သွတ်ထားသော မွေ့ရာတို့ ဖြစ်ကြ၏။) ဝေရမဏိ သိက္ခာပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌မြဲစွာ ဆောက်တည်ပါ၏။
ဥပုသ်နေ့
မိမိ နေအိမ် ဘုရားစင်ရှေ့(သို့)ဘုန်းကြီးကျောင်းရှိဆရာတော်များရှေ့တွင် ၈ပါးသီလ ဥပုသ်အားရိုသေလေးမြတ်စွာခံယူဆောက်တည်နိုင်ကြပြီး နိဗ္ဗာန်ရောက်ကြောင်းတရားများ ကျင့်ကြံအားထုတ်နိုင်ကြပါစေကြောင်း။
ဥပုသ်သီလဆောက်တည်ပြီး ပုံမှန်အလုပ်များလုပ်ကိုင်နိုင်ကြပါသည်။ရုပ်၊နာမ် သံသရာတို့ဒုက္ခမှကင်းဝေးရာ မြတ်နိဗ္ဗာန်သို့ အရောက်သွားနိုင်ရန်အထောက်ပံ့ကောင်းဖြစ်ပါသောကြောင့်ထပ်မံတိုက်တွန်းနိုးဆော်
လိုက်ပါသည် ယောဂီအပေါင်းသူတော်ကောင်းတို့.........
Freitag, 21. September 2012
ဧည့်သည်
လာတုန်းကလည်း                                     ငါသည်ပင်မူ
တစ်ယောက်တည်းနော်                               ခေါ်သူမရှိ ရောက်လာမိစဉ်
လက်တွဲခေါ်ကာ ဖော်မပါဘူး                         နင်သူမရှိ ပြန်ဖို့ရှိ ၏။
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။                        ငါနေသည့်အိမ် ငါ၏အိမ်ပာု
ပြန်သွားတော့လည်း                                   ငါ့အိမ်မှာထား ငါ့မယားနှင့်
တစ်ယောက်တည်းနော်                               ငါ့လင်သားနှင့် ငါ့သားသမီး
လက်တွဲခေါ်ကာ ဖော်မပါဘူး                         ငါ့ပစ္စည်းပာု ယူသည့်စိတ်စွဲ
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။                        အမှတ်လွဲခဲ့။
လာပြီးတော့နား                                        အမှန်မှာမူ
မသွားသေးခင်                                          ငါလာသောခါ လက်ဗလာတည်း
ချိန်လေးတွင်မှ                                          ပြန်ရပါလျှင် လက်ချည်းပင်တည်း
ဝန်းကျင်ယှက်နွယ်                                     ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။
နှောင်ကြိုးသွယ်ခဲ့။                                      လာသူလာလည်း လာစမ်းပါစေ
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ                                မဆီးလေနှင့်
မလိုဒေါသ လိုလောဘနှင့်                             သွားလေသူလည်း သွားစမ်းပါစေ
ဘ၀ရိပ်မြုံ ကကြိုးစုံခဲ့                                   မတားလေနှင့်
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ                         တို့တတွေမှာ သဘာဝလျှင်
သုတ်သုတ်ဆောလျင်                                  အမိရင်ဝယ်
ခရီးနှင်သည်                                             ထွက်ဝင်ခိုနား ခရီးသွားသည့်
ဒို့လျင် ဧည့်သည်ပါတကား။                          ဧည့်သည်တွေပါတကား…။   
မင်းကွန်းဆရာတော်ဘုရားကြီး
မြတ်ဗုဒ္ဓကိုယ်တော်တိုင်၊ ၀ိပဿနာ ဘာဝနာကို ချီးမွမ်းတော်မူခြင်း
မြတ်ဗုဒ္ဓကိုယ်တော်တိုင်၊ ၀ိပဿနာ ဘာဝနာကို ချီးမွမ်းတော်မူခြင်း။
••••••••••••••••••••••••••••••••••••••••••••••••••••••••
အခါတစ်ပါး၌၊ ရှင်သာရိပုတ္တရာ အရှင်မြတ်က၊ အရှင်အာနန္ဒာအား မေးတော်မူသည်မှာ၊ ဤအင်ကြင်းတောကြီးသည် အပွင့်တို့ဖြင့် တစ်တောလုံး ကြည့်ရှုတင့်တယ် မွေ့လျော်ဖွယ်ရာ ဖြစ်လျက်ရှိ၏။ ထိုမျှလှပတင့်တယ်သော အင်ကြင်းတောကြီးကို၊ ပို၍ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံစေရန် အဘယ်ကဲ့သို့ပြုရသော် ကောင်းမည် ထင်သနည်းဟု မေးတော်မူ၏။
ထိုအခါ အရှင်အာနန္ဒာက - "အစ - အလယ် - အဆုံး ကောင်းခြင်းတို့နှင့် ပြည့်စုံသော တရားတော်တို့ကို၊ ဟောပြောနာကြားပြီးကာ၊ ၀ိပဿနာ ဘာဝနာကို အားထုတ်ကြပါက၊ ဤအင်ကြင်းတောသည် ပို၍ ကျက်သရေ မင်္ဂလာပြည့်စုံမည်"ဟု လည်းကောင်း၊
အရှင်ရေ၀တကို မေးတော်မူသောအခါ "သမထကို အားထုတ်ကာ ဈာန်ဝင်စားပြီးလျှင်၊ ၀ိပဿနာ ဘာဝနာကို အားထုတ်နေကြပါလျှင်" ဟုလည်းကောင်း၊
အရှင်အနုရုဒ္ဓါမထေရ်မြတ်ကို မေးတော်မူသောအခါ "ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် သတ္တ၀ါအနန္တ၏ ဆင်းရဲဒုက္ခကို ခွဲခြမ်းစိတ်ဖြာ ကြည့်ရှု၍၊ သံဝေဂဖြစ်ကာ၊ ၀ိပဿနာ ဘာဝနာကို ပွားများရသော်" ဟုလည်းကောင်း၊
အရှင်မဟာကဿပကို မေးတော်မူသောအခါ "ဓူတင်ကိုဆောင်လျက်၊ ၀ိပဿနာ ဘာဝနာ၊ အားထုတ်ကြရပါလျှင်" ဟုလည်းကောင်း၊
ရှင်မောဂ္ဂလန် အလှည့်တွင် "အဘိဓမ္မာတရားကို ဆွေးနွေးမေးမြန်း ဖြေဆိုကြပြီးကာ၊ ၀ိပဿာ ဘာဝနာကို ကြိုးစားအားထုတ်ကြပါမူကား" ဟုလည်းကောင်း၊
အရှင်သာရိပုတတရာ ကိုယ်တိုင်သည်ကား "စိတ်၏အလိုသို့ မလိုက်ပဲ၊ သီလ သမာဓိ၌ တည်ရှိနေလျက်၊ ၀ိပဿနာ ဘာဝနာကို အားထုတ်ရသော်၊ ဤအင်ကြင်းတောသည် သာ၍ပင် တင့်တယ်မွေ့လျော်ဖွယ်ရာဖြစ်မည်" ဟု ဖြေဆို၏။
ထို့နောက် ဘုရားရှင်ထံ သွားရောက် မေးလျှောက်သောအခါ -
"သင်ချစ်သားတို့၊ သင်တို့ထင်တိုင်းလည်း ကောင်းကြပေ၏။ ငါဘုရား၏အလိုကား၊ အကြင်ရဟန်းသည် ဆွမ်းစားပြီးသောအခါ၊ တစ်နေရာရာတွင် တင်ပျဉ်ဖွဲ့ခွေပြီးနောက် 'ငါသည် တရားကို အားထုတ်အံ့၊ အာသဝေါမကုန်လျှင် ဤနေရာမှ မထပြီ' ဟူ၍ ၀ိပဿနာကို အားထုတ်နေကြခြင်းသည်၊ ဤပင်လုံးကျွတ် ပွင့်လျက်ရှိသော အင်ကြင်းတောကြီးကို၊ ပို၍ မွေ့လျော်ဖွယ် ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေမည်" ဟု၊ မိန့်တော်မူသတည်း။
Donnerstag, 20. September 2012
အနှောင်အဖွဲ့ဟူသည်
အနှောင်အဖွဲ့ဟူသည်
••••••••••••••••••
ဥပမာသော်ကား နွားနက်ကိုလည်းကောင်း၊ နွားဖြူကိုလည်းကောင်း တစ်ချောင်းတည်းသော လျှော်ကြိုးဖြင့်ဖြစ်စေ၊ သားရေကြိုးဖြင့်ဖြစ်စေ ချည်ထားကုန်ရာ၏။
နွားနက်သည် နွားဖြူ၏ အနှောင်အဖွဲ့ မဟုတ်၊
နွားဖြူသည်လည်းနွားနက်၏ အနှောင်အဖွဲ့ မဟုတ်၊
ထိုနွားနှစ်ကောင်တို့ကို ချည်ထားသော တစ်ချောင်းတည်းသော လျှော်ကြိုး၊ သို့မဟုတ် သားရေကြိုးသည်ပင် ထိုနွားနှစ်ကောင်တို့၌ အနှောင်အဖွဲ့တည်း။
ဤအတူ -
မျက်စိသည် ရူပါရုံတို့၏ အနှောင်အဖွဲ့ မဟုတ်၊
ရူပါရုံတို့သည် မျက်စိ၏အနှောင်အဖွဲ့ မဟုတ်၊
အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၏ အနှောင်အဖွဲ့တည်း။
နားသည် သဒ္ဒါရုံတို့၏ အနှောင်အဖွဲ့ မဟုတ်။
သဒ္ဒါရုံသည် နား၏ အနှောင်အဖွဲ့ မဟုတ်။
အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၏ အနှောင်အဖွဲ့တည်း။
နှာခေါင်းသည် ဂန္ဓာရုံတို့၏အနှောင်အဖွဲ့ မဟုတ်။
ဂန္ဓာရုံသည် နှာခေါင်း၏အနှောင်အဖွဲ့ မဟုတ်။
အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၏ အနှောင်အဖွဲ့တည်း။
လျှာသည် ရသာရုံတို့၏ အနှောင်အဖွဲ့ မဟုတ်။
ရသာရုံသည် လျှာ၏ အနှောင်အဖွဲ့ မဟုတ်။
အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၏ အနှောင်အဖွဲ့တည်း။
ကိုယ်သည် ဖောဋ္ဌဗ္ဗာရုံတို့၏အနှောင်အဖွဲ့ မဟုတ်။
ဖောဋ္ဌဗ္ဗာရုံတို့သည် ကိုယ်၏ အနှောင်အဖွဲ့ မဟုတ်။
အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၌ အနှောင်အဖွဲ့တည်း။
စိတ်သည် သဘောတရားတို့၏ အနှောင်အဖွဲ့ မဟုတ်၊ သဘောတရားတို့သည် စိတ်၏ အနှောင်အဖွဲ့ မဟုတ်၊
အမှန်ကား ထိုနှစ်ပါးကို စွဲ၍ ဖြစ်သော လိုချင်စွဲမက်မှု 'ဆန္ဒရာဂ'သည် ထိုနှစ်ပါးတို့၌ အနှောင်အဖွဲ့တည်း။
( သံယောဇနသုတ် )
စပယ်လေးရုံ
စပယ်လေးရုံ။
•••••••••••
စပယ်တဲ့ လေးရုံ၊
တို့ သူ ငါ မပန်ထိုက်သော်ကြောင့်၊ ပန်းပြတ်ခိုက်ကြုံ၊
လေးပွင့်ဖြင့် ကုန်ပါပြီ၊ တစ်ငုံတော့ ကျန်ပါသေးတယ်၊
ပန်လိုသူ လူရှင်သွေးငယ်တို့ရယ် . .
ပါရမီရှင် သပ္ပုရိငယ်တို့ရယ် . .
ခေါင်းဖြီးကြလေး။
ဤဘဒ္ဒကမ္ဘာတွင် ဘုရားငါးဆူအနက်၊ ပွင့်တော်မူပြီးသည့် လေးဆူသော ဘုရားရှင်တို့ကို၊ တို့ - သူ - ငါ မဖူးလိုက်ကြရပါ။
နောင်ပွင့်ပေါ်ရန် တစ်ဆူသာ ကျန်တော့သဖြင့်၊ ဗုဒ္ဓဘာသာဝင်တို့ ပေါ့ပေါ့တန်တန်မနေကြဘဲ၊ သူတော်ကောင်းတရားများ ကျင့်ကြံပွားများ၍၊ ပြင်ဆင်ထားသင့်ပါကြောင်း။
Dienstag, 18. September 2012
ညောင်စေ့မှသည် . .
ညောင်စေ့မှသည် . .
••••••••••••••••••
ကောင်းမှုအရွယ်၊ မကြီးကျယ်လည်း၊
စိတ်ဝယ်ဖြစ်ပွား၊ သဒ္ဓါအားနှင့်၊
ဉာဏ်အား သီလ၊ ကြီးကျယ်ကြ၍၊
ဒါနအလှူခံ စင်ကြယ်ပြန်မူ၊
ကံဟူသရွေ့၊ အကျိုးတွေ့၍၊
တစ်စေ့ ညောင်လောက်၊ ပင်ကြီးပေါက်သည်၊
အံ့လောက်ဖွယ်ရာ အကျိုးတည်း။
( မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး )
Montag, 17. September 2012
နတ်ပြည်ရောက်ကြောင်း
Speak the truth, do not become angered, and give when asked, even be it a little. By these three conditions one goes to the presence of the gods.
- The Buddha
မှန်ကန်သောစကားကို ပြောဆိုရာ၏။ အမျက်မထွက်ရာ။ တောင်းလာသည်ရှိသော် အနည်းငယ်မျှကိုသော်၎င်း ပေးလှူရာ၏။ ဤအကြောင်းသုံးပါးတို့ဖြင့်၊ နတ်ပြည်သို့ ရောက်ရာ၏။
ချမ်းသာခြင်း၏ အကြောင်းတရားများ
ဘုရားရှင်တို့ ပွင့်ထွန်းလာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။ သူတော်ကောင်းတရား ဟောာကြားခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။
သံဃာ၏ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။ စိတ်သဘောထားညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်းတည်း။
Sonntag, 16. September 2012
မိမိကိုယ်ကို ဆင်ခြင်နည်း
၁။ ပါပိစ္ဆာ--
အလိုဆိုးရှိသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အလိုဆိုးရှိသူ ဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အလိုဆိုးရှိသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၂။ အတ္တုက္ကံသန ပရဝမ္ဘန--
မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိကိုယ်ကို မြှင့်တင်၊ သူတစ်ပါးကို ရှုတ်ချတတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိကိုယ်ကို မြှင့်တင် သူတပါးကို ရှုတ်ချသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၃။ ကောဓန--
အမျက်ထွက်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အမျက်ထွက်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အမျက်ထွက်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၎။ ဥပနာဟီ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် ရန်ငြိုးဖွဲ့သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်ငြိုးဖွဲ့တတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်ငြိုးဖွဲ့တတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၅။ အဘိသင်္ဂိ --
အမျက်ထွက်ခြင်းဟူသော အကြောင်းကြောင့် အစွဲကြီးသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း အစွဲကြီးသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ အစွဲကြီးသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၆။ ကောဓနော ကောဓသာမန္တဝါစံ နိစ္ဆာရေတာ --
ရန်စကားပြောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ရန်စကားပြောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ရန်စကားပြောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၇။ ပရိပ္ဖရတိ--
စောဒက က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက်ပြုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်”ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ဆန့်ကျင်ဘက် ပြုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၈။ အပသာဒေတိ--
စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို ကြိမ်းမောင်းသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၉။ ပစ္စာရောပေတိ--
စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စောဒကကို အပြစ်ပြန်တင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၀။ အညေနညံ ပဋိစရတိ ဗဟိဒ္ဓါ ကထံ အပနာမေတိ ကောပဉ္စ ဒေါသဉ္စ အပ္ပစ္စယဉ္စ ပါတုကရောတိ--
စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သော သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒကက စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒက-က စောဒနာသော် စကားတစ်မျိုးဖြင့် စကားတစ်မျိုးကို ဖုံးလွှမ်းတတ်သော၊ စကားကို အပသို့ လွှဲဖယ်တတ်သော၊ အမျက်ထွက်ခြင်း ပြစ်မှားခြင်း စိတ်ဆိုးခြင်းကို ထင်ရှားပြုတတ်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၁။ အပဒါနေ န သမ္ပာယတိ--
စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆို နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် မဖြေဆိုနိုင်သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ စောဒကက စောဒနာသော် မိမိ၏ ဖြစ်စဉ် အတ္ထုပ္ပတ္တိကို ပြေလည်အောင် ဖြေဆိုတတ်သူ ဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၂။ မက္ခီ ပဠာသီ--
ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင်နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဂုဏ်ကျေးဇူး ချေဖျက်သူ၊ ဂုဏ်ပြိုင်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၃။ ဣဿုကီ မစ္ဆရီ--
မနာလို ဝန်တိုသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မနာလို ဝန်တိုသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြ မည် မဟုတ်” ဟု ရှုဆင်ခြင်၍ မနာလို ဝန်တိုသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၄။ သဌော မာယာဝီ --
ဟန်ဆောင်သူ လှည့်ပတ်သူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ဟန်ဆောင်သူ လှည့်ပတ်သူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ဟန်ဆောင်သူ လှည့်ပတ်သူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၅။ ထဒ္ဓေါ အတိမာနီ --
ခက်ထန် မောက်မာသောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း ခက်ထန် မောက်မာသောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ ခက်ထန် မောက်မာသောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
၁၆။ သန္ဒိဋ္ဌိ ပရာမာသီ အာဒါနဂ္ဂါဟီ ဒုပ္ပဋိနိဿဂ္ဂီ --
မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူကို ငါသည် မချစ် မနှစ်သက်။
“ငါလည်း မိမိအယူကို စွဲလမ်းတတ်သော၊ မြဲမြံစွာ ယူတတ်သော ၊ မစွန့်လွှတ်နိုင် သောသူဖြစ်လျှင် ငါ့ကိုလည်း သူတပါးတို့ ချစ်ခင် နှစ်သက်ကြမည် မဟုတ်” ဟု ရှုဆင်ခြင်၍ မိမိအယူကို စွဲလမ်းတတ်သော ၊ မြဲမြံစွာ ယူတတ်သော၊ မစွန့်လွှတ်နိုင်သောသူ မဖြစ်ရအောင် စိတ်ကို ဖြစ်စေရမည်။
ဤသို့ နေ့ရော ညပါ အခါမလပ် ရှုဆင်ခြင်ပါက “ပီတိ ပါမောဇ္ဇ” တရား တနေ့တခြား တိုးပွားလာသည့်အပြင် ကြေးမုံ မှန်ပြင်ကို ကြည့်ရှုသောသူသည် မိမိမျက်နှာရိပ်ကို ထင်ရှားစွာ တွေ့မြင်ရဘိသကဲ့သို့ --
“အပါယဂမနီယ အကုသိုလ်ပါပဓမ္မများ” ကို “မိမိလက်ကို အတင်းအကြပ် ဆွဲခေါ်နေသော သူသတ်သမား” အသွင် ထင်မြင်လာပါတော့သည်။
ထိုအခါ အကုသိုလ်တရားများကို ပယ်ရှားရန်အတွက် “ကသိုဏ်းပရိကမ် အလုပ်”ကို အားထုတ်လျက် “ ဝိပဿနာတရား” ထပ်ဆင့်ပွားများပြီးလျှင် “သန္တိသုခ အမတနန်း” သို့ တက်လှမ်းနိုင်မည်သာ ဖြစ်ပါတော့သည်။
ဘဒ္ဒန္တ သီရိန္ဒာဘိဝံသ ၊ မစိုးရိမ်ဆရာတော်ကြီး။
Samstag, 15. September 2012
မဟာဂန္ဓာရုံဆရာတော်ကြီးပောာကြားသောအိမ်သုံးမဂ္ဂင်ရှစ်ပါး
♣♣ သမ္မာဒိဋ္ဌိ ♣♣
ဘယ်ကိစ္စ၌မဆို ပြုသမျှကောင်းမှု မကောင်းမှု ကံတွေသည် ငါ၏ သန္တာန်၌ အဖတ်တင်ရစ်သည်၊ နောင် အခါ အခွင့်သင့်သလို ကောင်းကျိုး မကောင်းကျိုးကို တွေ့ကြုံရမည်ဟု ကံနှင့် ကံ၏ အကျိုးကို နားလည်သောဉာဏ် ဖြစ်ပါစေ၊ တစ်ခါ တစ်ရံ၌ကား ရုပ် နာမ်နှစ်ရပ် ပေါင်းစပ်၍ လူဟု ခေါ်ဆိုအပ်သော ခန္ဓာကိုယ်၏ ဒုက္ခများစွာနှင့် မကင်းပုံကို ဆင်ခြင်၍ ခန္ဓာကိုယ်၌ အပြစ်မြင် အောင် ဝိပဿနာဉာဏ် ဖြစ်ပါစေ။
♣♣ သမ္မာသင်္ကပ္ပ ♣♣
မိမိအတွက်ဖြစ်စေ-သူများအတွက်ဖြစ် စေ စိတ်သဘောကြီးကြီးထားလျက် အပြစ်မရှိဘဲ အကျိုးများမည့် အကြံကိုသာ ကြံပါ၊ သူတစ်ပါးကို ပျက်စီးသွားမည့်အကြံ၊ ဆင်းရဲ သွားမည့် အကြံများကို မကြံမိပါစေနှင့်၊ မေတ္တာ ကရုဏာထား၍ သနားပါ၊ စောင့်ရှောက်ပါ၊ တစ်ခါတစ်ရံ၌ကား "လူ့လုပ်ငန်း ကိစ္စစုကို ဖြတ်၍ သင့်တော်ရာအရပ်၌ (ဥပုသ်ရက်ရှည် စောင့်ကာ) ဆိတ်ဆိတ်ငြိမ် ငြိမ် တရားကျင့်မည်"ဟု ကြံပါ။
♣♣ သမ္မာဝါစာ ♣♣
မိမိမှာဖြစ်စေ, သူ့မှာဖြစ်စေ အကျိုးများမည့် စကားကိုသာပြောပါ၊ မုသားစကား, ကြမ်းတမ်းသောစကား, အပျက် အချော် အပြောင်အလှောင် စကားနှင့် ရန်တိုက်စကားတို့ကို မပြောမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထအခါတို့၌ မိမိကျက်မှတ်ထားသော ဘုရားနှုတ်တော်ထွက် တရားစာများကို ရွတ်နိုင်လျှင် သာ၍ ကောင်းပါသည်။
♣♣ သမ္မာကမ္မန္တ♣♣
မိမိမှာဖြစ်စေ, သူများမှာဖြစ်စေ အကျိုးရှိသော အလုပ်များကိုသာ ဤခန္ဓာကိုယ်ဖြင့် ပြုလုပ်မိပါစေ၊ သတ်မှု, ခိုးမှု စသော ကိုယ်နှင့်စပ်ဆိုင်ရာ မကောင်းမှုများကို မပြုမိပါစေနှင့်၊ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားကိစ္စ (ရေလဲ, ပန်းကပ်) စသည်ကို နေ့စဉ် ပြုမိပါစေ။
♣♣ သမ္မာအာဇီဝ ♣♣
မိမိ၏ အသက်မွေးဝမ်းကျောင်းအတွက် ပစ္စည်းရှာဖွေရာ၌ အပြစ်ကင်းပါစေ, သူတစ်ပါး မျက်ရည်ကျမှ မိမိဝမ်းဝမည့် အလုပ်ကို တစ်သက်လုံး ရှောင်ကြဉ်ပါ၊ စွမ်းနိုင်လျှင် ရောင်းရေး, ဝယ်ရေး၌ ဆင်းရဲသူများကို ညှာနိုင်သမျှ ညှာပါ။
♣♣ သမ္မာဝါယာမ ♣♣
စီးပွားရှာရာ ဖြစ်စေ, ကုသိုလ်ကိစ္စ၌ ဖြစ်စေ, ဝီရိယ အမြဲရှိပါစေ၊ လောကီစီးပွားရေး ဖြစ်စေ, သံသရာ ကြီးပွားရေး ဖြစ်စေ, မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ အရေးဖြစ်စေ, "အေးအေးစက်စက်နှင့် ကံစီမံသလို ဖြစ်လိမ့်မည်"ဟု ကံတစ်ခုကို အားကိုးလို့ ရနိုင် ရိုးမရှိပါ၊ ရေလာမြောင်းပေး ဆိုသလို ဝီရိယဖြင့် ကူညီပေးမှ ရှေးကံတွေ အခွင့်သာ၍ သင့်ရာအကျိုးကို ပေးပါသည်။
♣♣ သမ္မာသတိ ♣♣
နေ့စဉ် ပြုစုနေကျဖြစ်သော ကုသိုလ်ကိစ္စကို မမေ့ပါနှင့်၊ အမြဲသတိရပါစေ၊ သေခါနီးတိုင်အောင် ကုသိုလ်ကိစ္စ သတိရနေလျှင် ဂတိကောင်းကို မုချ ရပါတော့မည်။
♣♣ သမ္မာသမာဓိ ♣♣
စိတ်နေစိတ်ထား တည်ကြည်ပါစေ၊ နှုတ်အပြောလည်း စဉ်းစဉ်းစားစား သတိထားလျက် တည်ကြည်စွာပြောပါ၊ မျက်နှာ အနေအထားနှင့် ကိုယ်အသွားအလာ အနေအထိုင် ငြိမ်သက် တည်ကြည်နေလျှင် မြင်သူ လူအများက ခန့်ညား ကြည်ညိုလျက် (မျက်နှာအနေ မတင်းသည့်အတွက် လည်း) တစ်မျိုး ကျက်သရေ တိုးကာ ချစ်ခင်စရာ ဖြစ်လာပါ လိမ့်မည်။
ဤသို့လျှင် အိမ်မှာပင် နေထိုင်ရင်း ဖြစ်နိုင်သော မဟာကုသိုလ် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါးမှ အဆင့်ဆင့်တက်၍ ဈာန် မဂ်ဖိုလ် မဂ္ဂင်များသို့ ရောက်အောင် သမ္မာသတိ ကြီးစွာထားလျက် သမ္မာဝါယာမဖြင့် ကြိုးကြိုးစားစား အားထုတ်နေကြသူတို့မှာ အိပ်ရာဝင် အိပ်ရာထ၌ ဘုရားအာရုံပြုရင်း, ဘုရာရှိခိုးရင်း, ရေတော် ပန်းတော် ဆီမီးတော် ကပ်ရင်း ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း ပွားများရင်း လုပ်ရင်း ကိုင်ရင်း ရောင်းရင်းဝယ်ရင်းနှင့်ပင် အကြမ်းစား အိမ်သုံးမဂ္ဂင်ရှစ်ပါး ဖြစ်နိုင်ပါသည်။
မှတ်ချက်။ ။ (မဟာဂန္ဓာရုံဆရာတော်ကြီးအရှင် ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်စာအုပ်မှ) ထုတ်နုတ်တင်ပြသည်။
လယ်တီဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူအပ်သည့် ခုနှစ်နေ့ ဘုရားရှိခိုး
သန္ဓေယူခြင်း
၁။ သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သောင်းခွင် စကြ၀ဠာ၊
    နတ်, ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊
    ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်၊ ၀ါဆိုလပြည့် (ပြေ့)၊
    ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊
    သန္ဓေယူသည်၊ နတ်, လူငြိမ်းဖို့ ကိန်းပါကို။ (ကြာသာပတေးနေ့)
ဖွားတော်မူခြင်း
၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊
    ခြောက်ဆယ့်ရှစ်ကြုံ၊ ကဆုန်လပြည့် (ပြေ့)၊
    သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံညီ၊ လုမ္ဗနီ၌၊
    မဟီလှိုက်ဆူ၊ ဖွားတော်မူသည်၊
    နတ်, လူအောင်မြို့ လမ်းပါကို။ (သောကြာနေ့)
တောထွက်တော်မူခြင်း
၃။ ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊
    သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆယ့်သုံးနှစ်လျှင်၊
    ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊
    လေးမျိုးနိမိတ်၊ နတ်ပြဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊
    စုံမြိုင်ပင်ရိပ်၊ ခမ်းမှာကို။ (တနင်္လာနေ့)
ဘုရားဖြစ်တော်မူခြင်း
၎။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊
    ကဆုန်လပြည့် (ပြေ့)၊ ဆင်မင်းနေ့ဝယ်၊ ချမ်းမြေ့ပရမေ၊ ပလ္လင်ဗွေထက်၊
    ရွှေညောင်တော်ကြီး၊ ဗိမ္မာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျှက်၊
    ရန်မြူခပင်း၊ အမိုက်သင်းကို၊ အလျှင်းပယ်ဖျောက်၊ အလင်းပေါက်က၊
    ထွန်းတောက်ဘုန်းတော်၊ သောင်းလုံးကျော်သည်၊
    သုံးဖော်လူတို၊့ ငြိမ်းပါကို။ (ဗုဒ္ဓဟူးနေ့)
တရားဦးဟောတော်မူခြင်း
၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေ့သွား၊ ဖြန့်ချီသွား၍၊
    ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊
    ခညောင်းကပ်လာ၊ နတ်, ဗြဟ္မာအား၊ ၀ါဆိုလပြည့် (ပြေ့)၊
    စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊
    မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊
    တရားနတ်စည်၊ ရွမ်းတယ်ကို။ (စနေနေ့)
ပရိနိဗ္ဗာန်စံတော်မူခြင်း
၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တစ်သောင်းတိုက်ဝယ်၊
    ကျွတ်ထိုက်သသူ၊ နတ်, လူ, ဗြဟ္မာ, သတ္တ၀ါကို၊
    ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊
    ဆောင်ပို့ပြီးကာ၊ ၀ါလေးဆယ့်ငါး၊ သက်ကားရှစ်ဆယ်၊
    စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊
    နယ်မလ္လာတိုင်း၊ စံနှိုင်းမယုတ်၊ ကုသိနာရုံ၊
    အင်ကြင်းစုံ၌၊ ကဆုန်လပြည့် (ပြေ့)၊
    အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်၊
တေဇောဓာတ်လောင်တော်မူခြင်း
၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွှေလှော်၊
    အလောင်းတော်ကို၊ ထိုရော်ကဆုန်၊
    လဆုတ်ကြုံ၍၊ ဂဠုန်နေ့ဝယ်၊ ခိုးငွေ့မနှော၊
    ဓာတ်တေဇောလျှင်၊ ရှင်စောဉာဏ်စက်၊
    ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊
    မီးပူဇော်သည်၊ မွေတော်ရှစ်စိတ်၊
    ကြွင်းတယ်ကို။ (တနင်္ဂနွေနေ့)
ထိုခုနှစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ အာရုံယူ၍၊ သုံးလူတို့နတ်၊ မြတ်ထက်မြတ်သား၊ ကိုယ်တော်ဘုရားကို၊ သုံးပါးမှန်စွာ၊ ၀န္ဒနာဖြင့်၊ သဒ္ဒါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်၊ ကောင်းကျိုးခပ်သိမ်း၊ ကြွယ်စေသော် ….
The Birth of the Prince
About ten months after her dream of a white elephant and the sign that she would give birth to a great leader, Queen Maya was expecting her child. One day she went to the king and said, "My dear, I have to go back to my parents. My baby is almost due." Since it was the custom in India for a wife to have her baby in her father's house, the king agreed, saying, "Very well, I
will make the necessary arrangements for you to go."
The king then sent soldiers ahead to clear the road and prepared others to guard the queen as she was carried in a decorated palanquin. The queen left Kapilavatthu in a long procession of soldiers and retainers, headed for the capital of her father's kingdom.
On the way to the Koliya country, the great procession passed a garden called Lumbini Park. This garden was near the kingdom called Nepal, at the foot of the Himalayan mountains. The beautiful park with its sala trees and scented flowers and busy birds and bees attracted the queen. Since the park was a good resting place, the queen ordered the bearers to stop for a while. As she rested underneath one of the sala trees, her birth began and a baby boy was born. It was an auspicious day. The birth took place on a full moon (which is now celebrated as Vesak, the festival of the triple event of Buddha's birth, enlightenment and death), in the year 623 B.C.
According to the legends about this birth, the baby began to walk seven steps forward and at each step a lotus flower appeared on the ground. Then, at the seventh stride, he stopped and with a noble voice shouted:
"I am chief of the world,
Eldest am I in the world,
Foremost am I in the world.
This is the last birth.
There is now no more coming to be."
After the birth of her baby son, Queen Maha Maya immediately returned to Kapilavatthu. When the king learnt of this he was very happy, and as news of the birth of the long-awaited heir spread around the kingdom there was rejoicing all over the country.
Queen Maha Maya's Dream
More than 2,500 years ago, there was a king called Suddhodana. He married a beautiful Koliyan princess named Maha Maya. The couple ruled over the Sakyas, a warrior tribe living next to the Koliya tribe, in the north of India, in what is now known as Nepal. The capital of the Sakya country was laid out across the foothills of the Himalayas and called Kapilavatthu.
Queen Ma
ha Maya was the daughter of King Anjana of the Koliyas. Such was her beauty that the name Maya, meaning "vision" was given to her. But it was Maya's virtues and talents that were her most wonderful qualities, for she was endowed with the highest gifts of intelligence and piety. King Suddhodana was indeed worthy of his lovely wife. He himself was called "King of the Law" because he ruled according to the law. There was no other man among the Sakyas more honored and respected. The king was admired by his nobles and courtiers, as well as by the householders and merchants. Such was the noble family from which the Buddha was to arise.
One full moon night, sleeping in the palace, the queen had a vivid dream. She felt herself being carried away by four devas (spirits) to Lake Anotatta in the Himalayas. After bathing her in the lake, the devas clothed her in heavenly cloths, anointed her with perfumes, and bedecked her with divine flowers. Soon after a white elephant, holding a white lotus flower in its trunk, appeared and went round her three times, entering her womb through her right side. Finally the elephant disappeared and the queen awoke, knowing she had been delivered an important message, as the elephant is a symbol of greatness in Nepal. The next day, early in the morning, the queen told the king about the dream. The king was puzzled and sent for some wise men to discover the meaning of the dream.
The wise men said, "Your Majesty, you are very lucky. The devas have chosen our queen as the mother of the Purest-One and the child will become a very great being." The king and queen were very happy when they heard this.
They were so pleased that they invited many of the noblemen in the country to the palace to a feast to tell them the good news. Even the needy were not forgotten. Food and clothes were given to the poor people in celebration. The whole kingdom waited eagerly for the birth of the new prince, and Queen Maya enjoyed a happy and healthy pregnancy, living a pure life for herself and her unborn child.
နုနယ်ရုပ်ဆင်း၊ လှပခြင်းကား၊ အိုမင်းနောက်ဆုံးရှိချေ၏
နုနယ်ရုပ်ဆင်း၊ လှပခြင်းကား၊ အိုမင်းနောက်ဆုံးရှိချေ၏။
ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံးရှိချေ၏။
ဝိညာဏ်တင်းလင်း၊ သက်ရှင်ခြင်းကား၊ သေမင်းနောက်ဆုံးရှိချေ၏။
ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံးရှိချေ၏။
တက်ကြွားကြွကြွ၊ မြင့်သမျှကား၊ လျှောကျနောက်ဆုံးရှိချေ၏။
ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံးရှိချေ၏။
ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံးရှိချေ၏။
ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံးရှိချေ၏။
(လယ်တီဆရာတော်ဘုရားကြီး)
အတိတ်ကိုတွေး မဆွေးလေနဲ့
အတိတ်ကိုတွေး မဆွေးလေနဲ့
အတိတ်ဆိုတာ ပြန်မလာဘူး။
အနာဂါတ်မှန်းဆ မလွမ်းတနဲ့
အနာဂါတ်ဆိုတာ မသေချာဘူး။
ပစ္စုပ္ပန်မှာ လုပ်သင့်ရာဝယ်
ပညာလုံ့လ အသုံးချလျှက်
ဘ၀တန်ဖိုး အားမာန်ကိုး၍
မြတ်နိုးကြည်ဖြူ အရယူလော့။
(ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
ကိုယ့်ကြောင့်ချည်းပဲဆိုတာသိပါ
Freitag, 14. September 2012
ဥပုသ်နေ့ ၁၅.၀၉.၂၀၁၂ (စနေနေ့)
ဓမ္မပဒဂါထာ
ပရေ စ န ၀ိဇာနန္တိ၊ မယမေတ္တ ယမာမသေ။
ယေ စ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။
ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်၊ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။
The silly do not know that they must one day come to an end; but those who know this do not fight each other and their quarrels cease.
Donnerstag, 13. September 2012
ဗာဟိရာနိစ္စသုတ်
"အဆင်းတို့သည် မမြဲကုန်၊ မမြဲသော အဆင်းသည် ဆင်းရဲ၏၊ ဆင်းရဲသော အဆင်းသည်ကိုယ် 'အတ္တ' မဟုတ်၊ ကိုယ် 'အတ္တ' မဟုတ်သော အဆင်းကို ''ဤအဆင်းသည် ငါ့ဥစ္စာမဟုတ်၊ ဤအဆင်းသည် ငါ မဟုတ်၊ ဤအဆင်းသည် ငါ၏ကိုယ် 'အတ္တ' မဟုတ်'' ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ အသံတို့သည်။ အနံ့တို့သည်။ အရသာတို့သည်။ အတွေ့အထိတို့သည်။ သဘောတရားတို့သည် မမြဲကုန်။ မမြဲသော သဘောတရားသည် ဆင်းရဲ၏၊ ဆင်းရဲသော သဘောတရားသည် ကိုယ် 'အတ္တ' မဟုတ်၊ ကိုယ် 'အတ္တ' မဟုတ်သော သဘောတရားကို ''ဤသဘော တရားသည် ငါ့ဥစ္စာ မဟုတ်၊ ဤသဘောတရားသည် ငါ မဟုတ်၊ ဤသဘောတရားသည် ငါ၏ ကိုယ်'အတ္တ' မဟုတ်'' ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။"
"ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် အဆင်းတို့၌လည်း ငြီးငွေ့၏၊ အသံတို့၌လည်း ငြီးငွေ့၏၊ အနံ့တို့၌လည်း ငြီးငွေ့၏၊ အရသာတို့၌လည်း ငြီးငွေ့၏၊ အတွေ့အထိတို့၌လည်း ငြီးငွေ့၏၊ သဘောတရားတို့၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှု ကင်း၏၊ စွဲမက်မှုကင်းသော် ကိလေသာမှ လွတ်မြောက်၏၊ ကိလေသာမှ လွတ်မြောက်သော် ကိလေသာမှ ''လွတ်မြောက်ပြီ'' ဟု အသိဉာဏ် ဖြစ်ပေါ်၏၊ ''ပဋိသန္ဓေနေမှု ကုန်ပြီ၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးပြီ၊ မဂ်ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ'' ဟု သိ၏ဟု မိန့်တော်မူ၏။"
(၄ - ဗာဟိရာနိစ္စသုတ်၊ အနိစ္စဝဂ်၊ သဠာယတနဝဂ္ဂသံယုတ်ပါဠိတော်။)